ပုလဲမွေးမြူခြင်းဆိုင်ရာဗဟုသုတများ

သဘာဝပုလဲနှင့်မွေးပုလဲ

သဘာဝပုလဲဆိုသည်မှာ လူတို့၏ ပြုပြင်ဖန်တီးမှုမပါဘဲ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်း တစ်နေရာတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ခရုကမာ ကောင်များသည်    ၎င်းတို့၏  အခွံအတွင်းရှိ အတွင်းခန္ဓာကိုယ်အား Mantle  ခေါ်အသားစလွှာ (The layer of tissue)များဖြင့်ဖုံးအုပ်ထားပါသည်။ ထို Mantle မှ ထွက်ရှိသော ပုလဲသား(Nacre)များသည် အခွံ၏အတွင်းမျက်နှာပြင်ကို ဖုံးအုပ်ရာ မှတောက်ပပြောင်လက်သော မျက်နှာပြင်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ခရုကမာကောင်များသည် ရေကိုစုပ်ယူကာရေထဲမ မျက်စိဖြင့်မမြင်နိုင်သော အစာများကို စစ်ထုတ်စားသုံးကြရသော သတ္တဝါမျိုးနွယ်ဖြစ်ပါသည်။ ထိုသို့စုပ်ယူရာတွင်ရေထဲမှမာကြောသော အရာဝတ္ထုငယ်တစ်ခုခုပါသွား တတ်ပါသည်။ ထိုအရာဝတ္ထုနှင့်အတူ Mantleခေါ်အသားစလွှာမှအစိတ်အပိုင်းငယ်တစ်ခုကပ်ပါသွား သောအခါ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်း တစ်နေရာတွင်တွယ်ကပ်၍ ပုလဲအိတ်(PearlSac) ဖြစ်ပေါ်လာပါသည်။ ပုလဲအိတ်မှ ညှစ်ထုတ်သော ပုလဲသားအလွှာများဖြင့် အထပ်ထပ်ဖုံးအုပ်ရာမှ သဘာဝပုလဲ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ သဘာဝပုလဲများသည် ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်းတွင်  ဖြစ်ပေါ်တတ်သကဲ့သို့ ခရုကမာ ကောင်၏အခွံတွင်ကပ်၍လည်း ဖြစ်ပေါ်တတ်ပါသည်။ ခရုကမာကောင်အား အခြားသောရေသတ္တဝါ တစ်မျိုးမျိုးမှ အခွံအား ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားသောအခါ ဖြစ်ပေါ်လာမည့် အပေါက်အား ပုလဲသားဖြင့် ပိတ်ဆို့ရန် အားထုတ်ရာမှ ခွံကပ်ပုလဲ (Blister Pearl)ခေါ် သဘာဝ     ပုလဲမျိုးကို ဖြစ်ပေါ်စေပါသည်။ ၎င်းပုလဲမျိုးမှာ ခန္ဓာကိုယ်အတွင်းတွင် မဟုတ်ဘဲ အခွံတွင် ကပ်၍ ဖြစ်ပေါ်သဖြင့် အရွယ်အစားကြီးမားလေ့ရှိပါသည်။ ၂၀၀၁ ခုနှစ်၊ ဧပြီလတွင် ကော့သောင်းမြို့အနီး၌ ရရှိခဲ့သော အလျား(၆၂)မီလီမီတာ၊ အနံ(၅၀)မီလီမီတာ၊ အမြင့်(၃၁)မီလီမီတာနှင့် အလေးချိန်   (၄၅.၀၆)မိုမီရှိသော ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲကြီးမှာ ခွံကပ် ပုလဲအမျိုးအစားဖြစ်ပါသည်။ မွေးပုလဲဆိုသည်မှာ  သဘာဝပုလဲဖြစ်ပေါ်မှုဖြစ်စဉ်ကို  လူတို့က ပြုပြင်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသောဝတ်ဆံလုံး (Nucleus)ကို ဆက်သားစ(Mantle) နှင့်အတူ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်ပါသည်။ ထိုသို့ထည့်သွင်းရာတွင် ဝတ်ဆံလုံးအလွယ်တကူပြန်ထွက် မသွားစေရန်နှင့် လုံးဝန်းကြီးမားသောပုလဲရရှိစေရန်အတွက် ခရုကမာကောင်၏ ခန္ဓာကိုယ်အားခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်ပညာရှင်များမှ ဝတ်ဆံသွင်းရခြင်းဖြစ်သည်။ ဖေါ်ပြပါနည်းအတိုင်း လုံးဝန်းသောပုလဲရရှိရန်အတွက် ဝတ်ဆံသွင်း    မွေးမြူသကဲ့သို့ မဘဲ(MabePearl)ခေါ် တစ်ခြမ်းပုလဲ(Half Pearl)များကိုလည်းမွေးမြူထုတ်လုပ်    ကြပါသည်။ ဝတ်ဆံအခြမ်းများကို ခရုကမာကောင်၏အခွံအတွင်း ပုလဲသားမျက်နှာပြင် တွင်ကော်ဖြင့် ကပ်၍ မွေးမြူခြင်းဖြင့် တစ်ခြမ်းပုလဲများကို ရရှိပါသည်။

Myanmar Pearl